Skip to Content

ညတိုင်း ၂ နာရီ၊ ၃ နာရီလောက်မှအိပ်ဖြစ်နေသူများအတွက်ရေရှည်မှာဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာများ

2026- အောက်တိုဘာ 6 by
ညတိုင်း ၂ နာရီ၊ ၃ နာရီလောက်မှအိပ်ဖြစ်နေသူများအတွက်ရေရှည်မှာဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာများ
Su Lay Nwe

အခုနောက်ပိုင်းမှာ လူငယ်တွေသာမက လူကြီးတွေပါ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤၊ 𝐓𝐢𝐤𝐭𝐨𝐤 စတဲ့ 𝐬𝐨𝐜𝐢𝐚𝐥 𝐦𝐞𝐝𝐢𝐚 တွေ အရမ်းကို စွဲစွဲလမ်းလမ်းသုံးတာ၊ 𝐆𝐚𝐦𝐞𝐬 ဂိမ်းဆော့တာတွေကြောင့် နောက်ကျမှ အိပ်တတ်ကြတာ တွေ့ရများပါတယ်။ လူတစ်ဦးဟာ လုံလောက်တဲ့ အိပ်ချိန်ပြည့်ပြည့်ဝဝရရှိဖို့ ၇နာရီကနေ ၉နာရီအထိ အိပ်ပေးဖို့လိုပါတယ်။ ခေါင်းစဉ်အရ ညတိုင်း ၂နာရီ ၃နာရီလောက်မှ အိပ်ဖြစ်နေရင်တော့ တကယ်ကို ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်ဖို့က အသေအချာပါပဲ။ အိပ်ချိန်လုံလောက်မှုမရှိရင် ရုတ်တရက်သွေးတိုးတာ၊ ရင်တုန်တာ၊ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်လေဖြန်းတာတွေ ပိုပြီး အဖြစ်များစေပါတယ်။

ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးနေတဲ့ 𝐡𝐨𝐫𝐦𝐨𝐧𝐞𝐬 ဟော်မုန်းတွေဟာလည်း အိပ်ချိန်မလုံလောက်ရင် ကမောက်ကမဖြစ်လာပါတော့တယ်။ အစားစားချင်စိတ်ကို ထိန်းပေးတဲ့ 𝐋𝐞𝐩𝐭𝐢𝐧 ဆိုတဲ့ ဟော်မုန်းကို နည်းစေပြီး 𝐆𝐡𝐫𝐞𝐥𝐢𝐧 ဆိုတဲ့ အလွန်အမင်းကို ဆက်စားချင်တဲ့ ဟော်မုန်းကို များစေတာကြောင့် စားချင်စိတ်မထိန်းနိုင်ပဲ လိုတာထပ်ပိုမိုစားမိနေလို့ အဝလွန်ရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးတဲ့ 𝐈𝐧𝐬𝐮𝐥𝐢𝐧 အင်ဆူလင်ဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေလည်း အိပ်ချိန်နည်းလေ ပျက်ယွင်းလေဖြစ်လာတာကြောင့် ပင်လယ်ထဲ ရေငတ်သူလို အချိုဘယ်လောက်စားစား ပိုပိုပြီး စားချင်စိတ်များတာမို့ ဆီးချိုသွေးချိုရောဂါလည်း အဖြစ်များစေပါတယ်။ 

အိပ်ချိန်မလုံလောက်ခြင်းဟာ 𝐇𝐲𝐩𝐨𝐭𝐡𝐚𝐥𝐚𝐦𝐨-𝐩𝐢𝐭𝐮𝐢𝐭𝐚𝐫𝐲-𝐚𝐝𝐫𝐞𝐧𝐚𝐥 𝐚𝐱𝐢𝐬 ကို လည်ပတ်စေတဲ့ 𝐜𝐨𝐫𝐭𝐢𝐬𝐨𝐥 ဆိုတဲ့ ဟော်မုန်းကိုလည်း များစေပါတယ်။ 𝐂𝐨𝐫𝐭𝐢𝐬𝐨𝐥 ကော်တီစောဟာ 𝐬𝐭𝐫𝐞𝐬𝐬 𝐡𝐨𝐫𝐦𝐨𝐧𝐞 အမျိုးအစားဖြစ်တာမို့ ဒီဟော်မုန်းများလာရင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ လေဖြတ်လေဖြန်းရောဂါတွေ အဖြစ်များစေပါတယ်။ ဒါ့အပြင် ဝမ်းတွင်းကလီစာနဲ့ ဝမ်းဗိုက်မှာ အဆီတွေကို စုပုံစေတာကြောင့် ဗိုက်ရွှဲလာတာ၊ အသည်းအဆီဖုံးတာတွေ ဖြစ်စေပါတယ်။ 

𝐂𝐨𝐫𝐭𝐢𝐬𝐨𝐥 ဟာ ကြွက်သားတွေကို ဖြိုခွဲဖျက်စီးတတ်ပြီး အရိုးကိုပွစေတာကြောင့် အရိုးကျိုးလွယ်ပါတယ်။ အိပ်ချိန်နည်းသူဟာ ကိုယ်ခံအားလည်း နည်းတာကြောင့် မကြာခဏ ရောဂါပိုးဝင်လွယ်၊ ဖျားနာလွယ်ပါတယ်။ ညဘက်မှာ ကောင်းကောင်းမအိပ်ထားတာကြောင့် နေ့ဘက်တွေမှာ တက်ကြွမှုနည်းလာတာ၊ ပင်ပန်းနွမ်းနယ်ပြီး စိတ်မကြည်လင်တာကနေ ဘာကိုမှ စိတ်မရှည်နိုင်ပဲ စိတ်တိုဒေါသထွက်လွယ်တာ၊ စိတ်ဓာတ်ကျတာစတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ညတိုင်းလိုလို ည ၂နာရီ-၃နာရီလောက်မှ အိပ်နေမယ်ဆိုရင် ကြာရှည်လာရင်တော့ မှတ်ဉာဏ်တွေပါ အားနည်းလာပြီး အသက်ငယ်ငယ်နဲ့ 𝐀𝐥𝐳𝐡𝐞𝐢𝐦𝐞𝐫'𝐬 𝐝𝐢𝐬𝐞𝐚𝐬𝐞 မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါ ဖြစ်နိုင်ချေများလာပါလိမ့်မယ်။ ဒီလို အန္တရာယ်များလှတဲ့ ရောဂါပေါင်းစုံဟာ အိပ်ချိန်မပြည့်ဝတာကနေ အစပပြုတာကြောင့် အချိန်မှန်အိပ်ပြီး အိပ်ချိန်ပြည့်ဝဖို့ အရမ်းကို အရေးကြီးပါတယ်နော်။

အိမ်မှာတင်ဆော့လို့ရတဲ့ Cardio